အုတ်တွင်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

အုတ်တွင်း ဧပြီ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ယခုအခါရာသီဥတုပူပြင်းလာသဖြင့် ပြည်သူများအားအပူဒဏ်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ အပူဒဏ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဝါးတီးကျေးရွာနှင့် ဗောဓိကုန်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲရာတွင် ဝါးတီးကျေးရွာကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၂) ဦးမင်းသိန်းက အပူဒဏ်ကာကွယ်နိုင်ရေးလိုက်နာရမည့်အချက်များ၊ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများခံစားရပါက လိုက်နာရမည့်အချက်များ၊ အပူဒဏ်ကြောင့်မလိုလားအပ်သောအကျိုးဆက်များမဖြစ်ပေါ်စေရေးနှင့် အပူဒဏ်ကြောင့်သတိလစ်ခြင်းလက္ခဏာများခံစားနေရသော လူနာအားအရေးပေါ်ရှေးဦးပြုစုခြင်းများ၊ အပူဒဏ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ဗောဓိကုန်းကျေးရွာကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)