ကြံခင်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအား QR Code စနစ်ဖြင့် စတင်ရောင်းချပေးနေမှုများအား တာဝန်ရှိများက ကွင်းဆင်းစစ်ဆေးကြသည်။
အဆိုပါ ရောင်းချနေမှုများအား မြို့နယ်စီံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ (ခေတ္တ) ဥက္ကဋ္ဌ ဉီးကျော်မင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်သုံးဆီ ရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များက ရွှေဗျိုင်းဖြူ၊ အိုဝမ်း၊ ဖြိုးစည်သူ၊ မော်ကွန်းသစ်စက်သုံးဆီအရောင်းဆိုင်များတွင် ညွှန်ကြားချက်များ နှင့်အညီ စုံ၊ မရက်အလိုက် QR Code စနစ်ဖြင့် စက်သုံးဆီ ရောင်းချမှုအခြေအနေများအား ကြည့်ရှုကာ လို့အပ်သည်များကိုပူးပေါင်း ဆောင်ရွက်ကြသည်။
ထိုစနစ်အားအသုံးပြုရာတွင် မော်တော်ယာဉ်များ၏ Wheel Tax တွင် အာမခံမှုအမှတ်အသား (Hologram) ပါရှိမှသာ အရောင်းဆိုင်ဝန်ထမ်းက Scan ဖတ်မည်ဖြစ်ပြီး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီကားများဖြစ်ပါက မော်တော်ယာဉ်နံပါတ်၊ တစ်ပတ်အတွင်း ဝယ်ယူခွင့်ပမာဏ၊ ဝယ်ယူပြီးသည့်ပမာဏ၊ ဝယ်ယူရန်ကျန်ရှိသည့်ပမာဏ ပေါ်လာမည်ဖြစ်ကြောင်း၊ ဝယ်ယူမည့်ဆီအမျိုးအစားနှင့်ပမာဏကို ဖြည့်သွင်းကာ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရောင်းချသည့် ဆိုင်နံပါတ်၊ တည်နေရာ၊ ဆီပမာဏများ အလိုအလျောက် Server သို့ ဝင်ရောက်သွားပါကြောင်း၊ ဒုတိယအကြိမ်ထပ်မံဝယ်ယူသည့်အချိန်တွင် Quota ကုန်နေပါက ဝယ်ယူခွင့်မပြုကြောင်း ဖော်ပြမည်အပြင်၊ သတ်မှတ်ပေးသည့် Quota ကို တစ်ပတ်အတွင်း အပြီးအပြတ်ဝယ်ယူနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)