မော်လမြိုင်ကျွန်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုများဖြင့် ယခုအချိန်၌ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီဝင်များက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဝင်များက မြို့နယ်၏လူစည်ကားရာနေရာတစ်ခုဖြစ်သော မဟာဗန္ဓုလလမ်းမကြီးနှင့် အောင်ဆန်း (၁၃) ထိပ်၊ မြို့မဈေးထိပ်တွင် ဗဟိုမဏ္ဍပ် ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပနိုင်ရန်အတွက် မဟာဗန္ဓုလလမ်းမပေါ်၌ လျှောက်လမ်းအမိုးများ ဆောက်လုပ်ခြင်း၊ ရေသွယ်ယူရရှိရေးလုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊ ယိမ်းအကများအပါအဝင် ဖျော်ဖြေရေးကဏ္႑များ ထည့်သွင်းနိုင်ရေး ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်းတို့ဆောင်ရွက်နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါမြို့နယ်ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလတစ်လျှောက် စတုဒိသာကျွေးမွေးခြင်းများပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား မော်လမြိုင် ကျွန်းမြို့နယ်အနေဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဖျော်ဖြေမည်ဖြစ်သော ကြိုတင်ပြင်ဆင်လျက်ရှိသည့် ပြိုင်ပွဲဝင် ယိမ်းအကအဖွဲ့များ၏ တေးသံသာ သီချင်းများဖြင့် ကပြဖျော်ဖြေမှုများကိုလည်း သွားရောက်အားပေးခဲ့ပြီး ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)