ပန်းတောင်း ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံဦးစီးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများက ရပ်ကွပ်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မကြီးထုံးကျေးရွာအုပ်စု၊ မကြီးထုံးကျေးရွာတွင် နေအိမ် (၂) လုံး၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်တွင် နေအိမ် (၂) လုံး၊ သူလဲတန်းကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာတွင်နေအိမ် (၂) လုံး စုစုပေါင်း နေအိမ် (၆) လုံး၊ လူဦးရေ (၂၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လပြည့်လင်း (ပြန်/ဆက်)