ကန့်ဘလူ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

ကန့်ဘလူ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် မီးသတ်ဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မတ် ၆ ရက် နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးခိုင်က မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက သေချာလေ့လာမှတ်သားကြရန် မှာကြားသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဒုတိယဦးစီးမှူး ဦးချမ်းငြိမ်းစိုးက မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အဆိုပါရုံးရှေ့၌ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို ရေစိုအဝတ်ဖြင့် ငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသပြီး မီးငြှိမ်းယာဥ်ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)