ရွှေဘိုမြို့ ရွှေချက်သိုစေတီတော်မြတ်ကြီး၌ ဘုရားအနေကဇာတင်‌ ရေစက်ချအောင်ပွဲအခမ်းအနား ကျင်းပ

ရွှေဘို ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော မြို့တည်နန်းတည် သတ္တဌာန ခုနှစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရွှေချက်သိုစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ပြီးမြောက်အောင်မြင်ပြီဖြစ်ပါ၍ ဘုရားအနေကဇာတင် ရေစက်ချအောင်ပွဲအခမ်အနားကို ယနေ့နံနက် (၈) နာရီအချိန်က ရွှေချက်သိုစေတီတော်အရှေ့ဘက် အာရုံခံအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိ ဘဒ္ဒန္တဝိဿုတထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့၏ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၅) စစ်နယ်မြေမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် စေတနာရှင် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ပါဠိကာရီတုလွတ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာဘိဝံသမှ လှူဒါန်းမှုအစုစုတို့အား အနုမောဒနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ပြီးမြောက်အောင်မြင်ခဲ့ပြီးနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၅) စစ်နယ်မြေမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးနှင့် ဌာနမှူးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊  မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)