သရက် ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ရပ်ကွက်ကျေးရွာရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်လျက်ရှိကြသည်။
သရက်မြို့တွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကမ်းနားလမ်း၊ ကျွန်းသာယာပန်းခြံထိပ်တွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များကို စတင်ဆောက်လုပ်နေပြီဖြစ်ပြီး ပြည်သူများအေးချမ်းစွာ ရေကစားနိုင်ရန် လမ်းလျှောက်သင်္ကြန်အစီအစဉ်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားကြသူများ ပျော်ရွှင်စွာရေကစားနိုင်ရန် ဖျော်ဖြေရေးယိမ်းအဖွဲ့များမှ ယိမ်းအကပျိုဖြူများက နေ့အလိုက်ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ကပြဖျော်ဖြေပေးနိုင်ရေးအတွက် ဌာန၊ ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းအကအဖွဲ့များ လေ့ကျင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေကစားမဏ္ဍပ် (၁၂) နေရာရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)