ထန်ပါခွေ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)က ရေရှည်တည်တံ့သည့် နှစ်ရှည်ပင်စိုက်ပျိုးနည်းတောင်သူနည်းပညာပေး သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနဒေသဦးစီးမှူး ဦးဇော်ဝင်းအောင်က ထောပတ်စိုက်ပျိုးရာတွင် အစေ့ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းကူး ကိုင်းဆက်စိုက်ပျိုးခြင်းနှစ်မျိုးရှိကြောင်း၊ ဒေသရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိ၊ မရှိနှင့် ထောပတ်စိုက်ပျိုးရန် မြေသားအနက် (၂) ပေ၊ ပင်ကြားတန်းကြား (၂၅)ပေခြား စိုက်ပျိုးသင့်ကြောင်းစသည့် ထောပတ်ပင်စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းလမ်းကောင်းများအား ရှင်းလင်းပြောကြားပေးပြီး၊ လဟယ်မြို့ စိုက်ပျိုးရေးဦးစီးဌာနဒေသရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းမှ ကော်ဖီသီးနှံစိုက်ပျိုးပြုစုနည်းနှင့် လက်ထောက်ဦးစီးမှူး ဦးဇာလိုင်းမှ ခေတ်မီတောင်စောင်းလယ်ယာဖော်ထုတ်နည်းစနစ်အား ရှင်းလင်းပြောကြားပေးသည်။
ထို့နောက်ထန်ပါခွေမြို့ အမှတ် (၅၂) ခြေလျှင် တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးဝေလင်း၊ မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦးတို့က တာမောင်ကျေးရွာ ကိုယ်ထူ ကိုယ်ထ လယ်ယာဖော်ထုတ်သူများအား ပေါက်ချွန်း (၅) လက်နှင့် စိုက်ပျိုးရေးဦးစီးဌာန လဟယ် ဒေသရုံး ဒေသဦးစီးမှူး ဦးဇော်ဝင်းအောင်မှ ထန်ပါခွေမြို့ စော်ဘွားဦးဟော်မိုအား လယ်ယာသုံးသိပ္ပံထယ် (၁)လက် အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ စိုက်ပျိုးရေးကိုစိတ်ပါဝင်စားသော ဒေသခံတောင်သူ (၃၇) ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့်သိရှိလိုသည်များကို မေးမြန်းကြရာ လဟယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒေသဦးစီးမှူး ဦးဇော်ဝင်းအောင်က ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
အလန်(ထန်ပါခွေ)