ဒေးဒရဲ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့်စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဒေါက်တာထွန်းဝင်းရေးသားသည့် လောကကြီးကို ဉာဏ်ပညာဖြင့် စီမံခန့်ခွဲခြင်းစာအုပ်ပါ ဉာဏ်ပညာဖြင့် စီမံခန့်ခွဲခြင်းဆောင်းပါးနှင့် စဥ်းစားခြင်းဉာဏ်ပညာ ဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက် လာကြသော စာပေချစ်သူများက အပြန်အလှန်ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း