စစ်ကိုင်း ဧပြီ ၇
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဧပြီလ ၆ ရက်၊ နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းမြို့၊ နန်းဦးကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော နွေရာသီ အခြေခံသင်တန်းများဆင်းပွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက ကလေးအလုပ် သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန် ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များစသည့် သိကောင်းစရာများကို ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အသိပညာ၊ ဗဟုသုတများ ပြည့်စုံစေရန်၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုကြရေး၊ ငယ်စဉ်ကပင် စာဖတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ကြရေး၊ အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် မျိုးဆက်သစ်လူငယ်လေးများ ဖြစ်လာစေရေးစသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ သိကောင်းစရာ များကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေလင်းအောင်