ဒေးဒရဲမြို့၌ (၂၀၂၄-၂၀၂၅) ခုနှစ် နိုင်ငံတော်အစိုးရပါဠိပထမပြန်စာမေးပွဲအောင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဒေးဒရဲ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သာသနာတော်တည်တံ့ပြန်ပွားရေးအတွက် စာ​​မေးပွဲမှတစ်ဆင့် သာသနာ့အာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာအကျိုးသယ်ပိုး ထမ်းရွက်သွားနိုင်စေရန်ရည်ရွယ်၍ကျင်းပသည့် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားအား ယမန်နေ့နေ့လယ် (၁၂)နာရီက အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာကံကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်းတော်ကြီးတွင်  ကျင်းပခဲ့သည်။

အခမ်းအနားကိုကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို အခမ်းအနားအား ဖွင့်လှစ်ပြီး  မှော်အိုင် ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒနတနန္ဒသိရီနှင့် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိမလတို့က သြဝါဒကထာမိန့်ကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အလှူရှင်များက မြို့နယ်သံဃနာယက ဆရာတော်များနှင့်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ (၂၀၂၄-၂၀၂၅) ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒေးဒရဲမြို့နယ်စာဖြေဌာနတွင် ထူးချွန်စွာအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော် ပထမလတ်တန်း(၁)ပါး၊ ပထမငယ်တန်း (၁၄) ပါး၊ အခြေပြုမူလတန်း (၅၆) ပါးတို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အေဇာလင်း