မုံရွာ ဧပြီ ၇
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၅ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့်ဖြစ်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူမှ စစ်ကိုင်းဒေသကြီးဝန်ကြီးဌာန (၇) ခုနှင့် ဝန်ကြီးဦးရေ (၇) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးဦးရေ (၃) ဦး သတ်မှတ်နိုင်ရေးအတွက် ပေးပို့လာသော အဆိုပြုချက်အား တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူ အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူမှ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ခန့်အပ်နိုင်ရေးအတွက် ပေးပို့လာသော အဆိုပြုချက်အား တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် အစည်းအဝေးအား ခေတ္တရပ်နားကြောင်း ကြေညာသည်။
ထို့နောက် အစည်းအဝေးအားဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူမှ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ရွှေဘိုမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ဦးကိုလေးအား ခန့်အပ်နိုင်ရေးအတွက် ပေးပို့လာသော အဆိုပြုချက်အား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလာသူမရှိကြောင်း ကြေညာပြီး လွှတ်တော်၏ အတည်ပြုချက်ကိုရယူရာ လွှတ်တော်က သဘောတူညီသည့်အတွက် အတည်ပြုကြောင်းကြေညာသည်။
ယင်းနောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ကြောင်းနှင့် အစည်းအဝေး ပဥ္စမနေ့ကို ၇-၄-၂၀၂၆ ရက်နံနက် ၁၀ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)