ဘားအံမြို့၌ မြို့နယ်ပေါင်းစုံတံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

ဘားအံ ဧပြီ ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော မြို့နယ်ပေါင်းစုံကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲကို ဧပြီ ၇ ရက် နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မြို့နယ်(၇)မြို့နယ်မှ ကြက်တောင်ရိုက်အသင်း(၇)သင်း၊ အားကစားသမား ၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သည်။

ကြက်တောင်အားကစားကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်စား၍ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးကာ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများကို လိုက်လံတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့်မြဝတီမြို့နယ်အသင်းတို့၏ တစ်ဦးချင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲကို ဧပြီ ၇ ရက်မှ ၉ ရက်အထိ အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အနိုင်ရဗိုလ်စွဲသူများကို ဂုဏ်ပြုဆုများထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကာ ထူးချွန်ကြက်တောင်အားကစားသမားများကိုရွေးချယ်၍ ၂၀၂၆ ခုနှစ် မေလတွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲအတွက် စနစ်တကျရွေးချယ်စခန်းသွင်းလေ့ကျင့်စေ၍ ပြိုင်ပွဲအားသွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း   သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)