မင်းဘူး ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် အပူရှောင်စခန်းအား နေ့စဉ်ဖွင့်လှစ်ထားရှိပြီး အပူရှောင်လာရောက်နားခိုနေထိုင်သည့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စကုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ဖွင့်လှစ်သည့် အပူရှောင်စခန်းတွင် သက်ကြီးဘိုးဘွားများ အေးချမ်းစွာနာခိုနိုင်စေရန် စကုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ပိုင် ဦးဆောင်ပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်းပြီး သက်ကြီးဘိုးဘွားများအတွက် သွားလာ(ကြို/ပို့)နေထိုင်ရေး ကိစ္စရပ်များ၊ နေ့လယ်စာကျွေးမွေးခြင်း၊ ရေသန့်၊ ဓာတ်ဆားနှင့် အားဖြည့်အချိုရည်များနှင့် တစ်ကိုယ်ရေအသုံးဆောင်ပစ္စည်းများ လှူဒါန်းပေးခြင်းတို့အပြင် စကုမြို့ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အပူရှောင်စခန်းကို ဧပြီလ ၃ ရက်နေ့မှ စတင်ပြီး နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲအချိန်ထိ ဖွင့်လှစ်ထားရှိကာ စကုမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်းမှ သက်ကြီးဘိုဘွား ၂၇ ဦးခန့်က နေ့စဉ်လာရောက်အပူရှောင် နားခိုနေထိုင်လျက်ရှိပြီး လိုအပ်သောပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စကုမြို့ရှိ ဒေသခံပြည်သူများ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနှယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားလာပါက စကုမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးနိုင်ရန် လူနာစမ်းသပ်ခန်းနှင့် ဆေးကုခန်းများကို အရန်သင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း စကုမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မောင်မောင်(မင်းဘူး)