လွိုင်ကော်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာများအားတာဝန်ပေးအပ်

လွိုင်ကော် ဇန်နဝါရီ ၁၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လာမည့်အစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအတွင်း နေထိုင်သူများအား ရွေးချယ်ထားသော ရပ်မိရပ်ဖ(၅)ဦး ပါဝင် သည့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား တာဝန်ပေးအပ်ခြင်း ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အကူအညီပေးရေး အဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အကူအညီပေးရေး အဖွဲ့အနေဖြင့် မိမိတာဝန်ကျသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း အုပ်ချုပ်ရေးဥပဒေကို ဒေသခံပြည်သူများအား ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး ချပြရှင်းလင်း ဆောင်ရွက် သွားရန်၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် ကိုလည်း အိမ်တိုင်း ရရှိစေရေး ဖြန့်ဝေဆောင်ရွက်သွားရန်၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအလိုက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် ဥပဒေနှင့် နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျရွေးချယ်သွားရန်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ် ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြပေးရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က သိရှိလိုသည်များကို မေးမြန်ဆွေးနွေးရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)