မကွေး ဧပြီ ၇
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင်နိုင်ငံတော်၏ တာဝန်များကိုစွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဌာနဆိုင်ရာများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။
သင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရက်ကွက်များ၊ ကျောင်းများအလိုက် ယိမ်းအဖွဲ့ ၁၈ ဖွဲ့က သက်ဆိုင်ရာနေရာအသီးသီးတွင် ကြိုတင်လေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး ဗဟိုမပ်၊ ဝန်ကြီးဌာနမပ်များ၊ လမ်းလျှောက်သင်္ကြန် နှင့် စတုဒိသာကျွေးမွေးခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မကွေးမြို့ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၃)ရက် သင်္ကြန်အကြိုနေ့နံနက်ပိုင်းတွင် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)