ပန်းတောင်းမြို့နယ်၌ သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

ပန်းတောင်း ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ လူငယ်များနည်းပညာစွမ်းရည် မြှင့်တင်နိုင်စေရန်နှင့် ဒီဂျစ်တယ်မီဒီယာနည်းပညာရပ်များကို စနစ်တကျအသုံးချတတ်စေရန်ရည်ရွယ်၍ သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်များအနေဖြင့် သတင်းမီဒီယာကဏ္ဍကို စိတ်ပါဝင်စားလာစေရန်နှင့် မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသတင်းများကို အရည်အသွေးရှိသော ဗီဒီယိုသတင်းများအဖြစ် ကိုယ်တိုင်ဖန်တီးထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ဦးလပြည့်လင်းက ဗီဒီယိုရိုက်ကူးခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းအဆင့်ဆင့်၊ နောက်ခံစကားပြောနှင့် သီချင်းများထည့်သွင်းနည်း၊ စာတန်းထိုးနည်းနှင့် သတင်းအစီအစဉ်တစ်ပုဒ်အဖြစ် ပေါင်းစပ်တည်းဖြတ်နည်းများကို စာတွေ့လက်တွေ့ပို့ချပေးသည်။

အဆိုပါသင်တန်းသို့ ပန်းတောင်းမြို့နယ်အတွင်းရှိ ဝါသနာပါသူ လူငယ်သင်တန်းသား (၂၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၇ ရက်မှ ၈ ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)