မုံရွာ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ ၆ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ််းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ ပါဠိပထမပြန်စာမေး ပွဲကြီးကြပ်ရေးဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များက ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သက်များက နာယူကြည်ညိုကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် စာအောင်သံဃာတော်များနှင့် စာအောင်သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စာအောင်လက်မှတ်များနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ ပါဠိ ပထမပြန်စာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သက်များက အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံစိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)