ပေါင်းတည် ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်နှင့် တိုက်နယ်ပြည်သူ့ဆေးရုံများတွင် အပူဒဏ်ရောဂါများဖြင့် လာရောက်ပြသသည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့် နေရာများအား ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယခု ပူပြင်းသောနွေရာသီကာလ၌ အပူဒဏ်ရောဂါများ ခံစားနေရသည့် ဝေဒနာရှင်များ ရောက်ရှိလာပါက ကုသပေးနိုင်ရန် ဆေးရုံများရှိ ပြင်ပလူနာဌာနများတွင် ဆရာဝန်သူနာပြုများနှင့် လိုအပ်သည့် ဆေးဝါးများအား ၂၀၂၆ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှစတင်၍ စီစဉ်ထားကြောင်း၊ ထို့အပြင် အပူဒဏ်ရောဂါများဖြင့် လာရောက်ပြသသည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ခုတင် (၅၀) ဆံ့ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ခုတင် (၃) လုံးမှ (၁၀) လုံးအထိလည်းကောင်း၊ (၁၆) ခုတင်ဆံ့ ကြာနီကန်နှင့် မှတ်တိုင်တိုက်နယ်ဆေးရုံများတွင် ခုတင်တစ်ခုစီဖြင့်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)