တောင်ငူမြို့ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များဖျော်ဖြေရန် ဇာတ်တိုက်ကြိုတင်လေ့ကျင့်

တောင်ငူ ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပမည့် ဗဟိုမဏ္ဍပ်ကို ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ တည်ဆောက်လျက်ရှိပြီး ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များဖျော်ဖြေရန် ဇာတ်တိုက်ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။

တောင်ငူမြို့ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့ (၁၃) ဖွဲ့ဖြင့် ဖျော်ဖြေကြမည်ဖြစ်ပြီး သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြရန် ရပ်ကွက်ကျေးရွာအုပ်စုများ၌ ယနေ့တွင် ဇာတ်တိုက်ကြိုတင်လေ့ကျင့်လျက်ရှိသည်။ အဆိုပါအကယိမ်းအဖွဲ့များအား သင်္ကြန်ဝတ်စုံများ စီစဥ်ဆောင်ရွက်ပေးထားပြီး ဖျော်ဖြေရေးအစီအစဥ်များတွင် DJနှင့် ဒေသခံအဆိုတော်များအပြင် နိုင်ငံကျော်အဆိုတော်များဖြစ်သည့် ဂျေညီမလေး၊ ရွှေနန်းထက်၊ ဝင်းလဲ့ချယ်ရီ သရုပ်ဆောင်ဧကရီစုစံနှင့် Kb ခွန်ဇာနည်တို့က ဖျော်ဖြေကြမည်ဖြစ်သည်။

ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်နှင့် လက်ဖက်သင်္ကြန်တို့တွင် ရေလာရောက်ကစားမည့်သူများ အဆင်ပြေချောမွေ့စေရေးအတွက် ရေရရှိရေးကို Solar စနစ် ဖြင့် ဆောင်ရွက်ထားရှိပြီး အလှူရှင်များမှ စတုဒီသာအလှူများဖြင့် ကျွေးမွေးနိုင်ရေးနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားပွဲကျင်းပနိုင်ရေး ကြိုတင်စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)