မုံရွာ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော မြို့နယ်(၁၇) မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာသို့ ထင်းလောင်စာ လျော့ချသုံးစွဲနိုင်ရေး စွမ်းအားမြှင့်မီးဖို (၂၅၃၉) လုံးအားဖြန့်ဝေ ပေးထား ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ထံမှ သိရသည်။
အပူပိုင်းဒေသအတွင်း ထင်းလောင်စာသုံးစွဲနိုင်ရန် သဘာ၀တောကျန်များကို ထိန်းသိမ်းနိုင်ရန်၊ သဘာ၀ တောကျန်များ ပြန်လည်စိမ်းလန်းလာစေရန်အတွက် ထင်းလောင်စာလျော့ ချသုံးစွဲ သည့် စံပြကျေးရွာများ တည်ထောင်၍ စွမ်းအားမြှင့်မီးဖိုများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ စွမ်းအားမြှင့်မီးဖိုတွေကို အခမဲ့ဖြန့်ဝေပေးတဲ့အခါမှာ ကျေးရွာနေပြည်သူတွေ သစ်တော၊ သစ်ပင်တွေရဲ့ တန်ဘိုးကိုသိရှိဖို့ မိမိတို့ပတ်ဝန်းကျင်မှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို အလွယ်တကူခုတ်မပစ်ဖို့၊ သစ်တော သစ်ပင်တွေက ရာသီဥတုကို အကျိုးပြုပုံတွေကို အသိပညာ ပေးဟောပြောပွဲတွေ လုပ်ပြီးတော့ စွမ်းအားမြှင့် မီးဖိုဖြန့်ဝေတာတွေ လုပ်ဆောင်ပေးတယ်၊ အခုဘဏ္ဍာရေးနှစ်မှာတော့ Covid -19 ရောဂါ ဖြစ်နေတော့ လူစုလူဝေးတွေမလုပ်ရတဲ့အတွက် အပူပိုင်းဇုန်အတွင်းမှာရှိတဲ့ မြို့နယ်(၁၇)မြို့နယ်မှာ တစ်မြို့နယ်မှာ စံပြကျေးရွာ တစ်ရွာနှုန်းနဲ့ စံပြကျေးရွာ(၁၇)တည်ထောင်ပြီး သံပုန်းစွပ်ထားတဲ့ စွမ်းအားမြှင့်မီးဖို တစ်ရွာကို အလုံးရေး (၂၀၀)နှုန်းနဲ့ ဖြန့်ဝေပေးနေတာအခုဆို ပြီးစီးမှုအနေနဲ့(၇၆.၈)ရာခိုင်နှုန်း ရှိနေပါပြီ ကျန်နေ သေးတာတွေကိုလည်း အခုလအကုန်အပြီးဖြန့်ဝေပေးသွားမှာဖြစ်ပါတယ် ” ဟု စစ်ကိုင်း တိုင်း ဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦး က ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စံပြကျေးရွာ(၁၇)ရွာသို့ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်း လုပ်ငန်းအဖြစ် စွမ်းအားမြှင့်မီးဖိုအလုံးရေ စုစုပေါင်း(၃၄၀၀)လုံးကို ဖြန့်ဝေပေးရန်စီစဉ် ထားရာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ တတိယပတ်အတွင်းမှ စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း နှင့် ဆက်လက်ဖြန့်ဝေရန်ကျန်ရှိ နေသောကျေးရွာများသို့ လည်း ၂၀၂၁ ခုနှစ်ဇန်နဝါရီလ အကုန်တွင် အပြီးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)