ပေါက်ခေါင်း ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူများစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် အစားအစာများဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စိုက်ပျိုးသစ်ပင်များရှင်သန်ဖွံ့ဖြိုးကြီးထွားရေးအတွက် လိုအပ်သောအာဟာရဓာတ်များထောက်ပံ့နိုင်ရန် သဘာဝဇီဝမြေဩဇာလက်တွေ့သရုပ်ပြပွဲကို မြို့မအုပ်စု အမှတ် (၃) ရပ်ကွက် နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့က ပြုလုပ်ဆောင်ရွက်ထားရှိကြောင်း သိရပါသည်။
ထိုသို့ပြုလုပ်ရာတွင် သီးနှံစွန့်ပစ်ပစ္စည်းများဖြစ်သော (ကောက်ရိုး၊ ကြံမြုပ်ချေး၊ ဖွဲနု)၊ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်း (နွားချေး)နှင့် တင်လဲရည်၊ အသင့်သုံး အကျိုးပြုအဏုဇီဝသက်ရှိများကို စနစ်တကျ တစ်လွှာပြီးတစ်လွှာအထပ်ထပ်ပြုလုပ်၍ လက်တွေ့သရုပ်ပြခဲ့ကြောင်းသိရပြီး သဘာဝမြေဩဇာနှင့်ဇီဝမြေဩဇာများပြုလုပ်သုံးစွဲခြင်းကြောင့် စိုက်ပျိုးရေးထွက်ကုန်များ၌ ဘေးအန္တရာယ်ကင်းရှင်းစေ၍ မြေအစိုဓာတ်ထိန်းသိမ်းပေးခြင်း၊ မြေကြီးအတွင်းရှိ အပင်များကိုအကျိုးပြုသည့်အဏုဇီဝများတိုးပွားလာစေခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်းများရရှိကြောင်း သိရှိရပါသည်။
အဆိုပါသရုပ်ပြပွဲသို့ တောင်သူများတက်ရောက်လေ့လာခဲ့ကြပြီး သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာများပြုလုပ်သုံးစွဲခြင်းသည် ကုန်ကျစရိတ်သက်သာစေပြီး မြေဆီလွှာတိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)