ဘားအံ ဧပြီ ၇
ကရင်ပြည်နယ် အလုပ်သမားနေ့အခမ်းအနားကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ အလုပ်သမားနေ့အခမ်းအနား ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားရာတွင် မေ ၁ ရက်တွင်ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် မိမိတို့၏လုပ်ငန်းတာဝန်များအား အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နိုင်ရေးနှင်စပ်လျဥ်း၍ရှင်းလင်းပြောကြားသည်။
ယင်းနောက်သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများမှ မိမိတို့၏လုပ်ငန်းတာဝန်များအားဆွေးနွေးတင်ပြကြရာ အလုပ်သမားနေ့အခမ်းအနား ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ထို့နောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပရာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားရာ ဧပြီ ၃၀ ရက်တွင် ကျရောက်မည့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်နေ့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ပဲဆွမ်းတော်လှူဒါန်းလောင်းလှူနိုင်ရေးနှင့် စတုဒိသာကျွေးမွေးလှူဒါန်းနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် စနစ်တကျ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နိုင်ရေးအတွက်ပြောကြားသည်။
ယင်းနောက်သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများမှ မိမိတို့၏ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များအား ပြန်လည်ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)