တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

ဟားခါး ဧပြီ ၇

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတတိယနေ့ကို ဧပြီလ ၆ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၅ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၅ ဦး တက်ရောက်သဖြင့် ရာနှုန်းပြည့်တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန်ပေးပို့သည့် ဟားခါးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာဝုန်ဆွန်းထန်အား အမည်စာရင်းတင်ပြပြီး နိုင်ငံတော်သမ္မတကပေးပို့သည့် အမည်စာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် အတည်ပြုကြောင်းကြေညာသည်။

ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသည့် ချင်းပြည်နယ်အစိုးရဝန်ကြီးဌာန (၇) ဌာနဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနများကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကတင်ပြရာ အဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရ သူက ပြည်နယ်တရားလွှတ်တော်တရားသူကြီးကို (၃)ဦးဖြင့် အဆိုပြုချက်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကတင်ပြရာ အဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ရန်မရှိသဖြင့် အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့ကိုရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကျင်းပမည့်နေ့ရက်နှင့် အချိန်ကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)