သဲကုန်း ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ အားကစားကိုချစ်မြတ်နိုးတတ်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံအေရိုးဗစ်သင်တန်းမှ သင်တန်းသူလေးများက အေရိုးဗစ်က ကွက်များဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြပြီး တာဝန်ရှိသူများက အခြေခံအေရိုးဗစ် (fitness dance) အားကစားနည်းသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခြေခံအေရိုးဗစ် (fitness dance) ကို ဧပြီလ (၁) ရက်နေ့မှစ၍ နေ့စဥ် နံနက် (၉) နာရီမှ (၁၁) နာရီအထိ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ ဒေါ်နွေးနွေးခိုင်ဇင်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
ကိုကျော်