မော်လမြိုင်ကျွန်းမြို့ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဓမ္မစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဂုဏ်ပြုဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားအား ယမန်နေ့မွန်းလွဲ(၃)နာရီက အမှတ်(၄)ရပ်ကွက်၊ အောင်ရိပ်သာလမ်းရှိ “ဒေါ်မေမေစိန်” ဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စွန်းလွန်းကျောင်းတိုက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးအာသဘမှ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များအား သရဏဂုံသီလခံယူစေပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီးနောက်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က ဓမ္မစရိယ၊ နိကာယ်၊ ပါဠိပထမပြန်တွင် ဖြေဆိုအောင်မြင်တော်မူသည့် သာသနာ့အာဇာနည်အရှင်သူမြတ်များဖြစ်ကြသည့် ပထမကြီးတန်းတွင်(၁)ပါး၊ ပထမလတ်တန်းတွင် (၂)ပါး၊ ပထမငယ်တန်းတွင် (၃)ပါး၊ အခြေပြုမူလတန်းတွင် (၄၁)ပါး၊ စုစုပေါင်း (၄၇)ပါးအား အောင်လက်မှတ်နှင့် အောင်ဆုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြပြီး ဆက်လက်၍ ဆရာတော်မှ အနုမောဒနာတ ရားတော်များ ချီးမြှင့်ခဲ့ပြီး ရေစက်ချ အမျှတန်းပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)