အောင်လံမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

အောင်လံ ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အောင်လံမြို့နယ်တွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဖြစ်ပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေဆော့ကစားနိုင်ရန် လမ်းလျှောက်သင်္ကြန်အစီအစဉ်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားကြသူများ ပျော်ရွှင်နိုင်ရန် ဖျော်ဖြေရေးယိမ်းအဖွဲ့များမှ နေ့အလိုက် ညီညာစွာ ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး လက်ရှိတွင် ယိမ်းအကများလေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်သို့ လာရောက်ရေကစားကြသူများကို ဌာနဆိုင်ရာများမှ နေ့အလိုက် စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဇီဝိတဒါနငါးလွှတ်ခြင်း၊ မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများရှိ ရုပ်ပွားတော်များနှင့် စေတီပုထိုးများတွင် ရေသပ္ပာယ်ခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ ဆရာတော်သံဃာတော်များကို ပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအစီအစဉ်များဖြင့် အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)