ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာ‌စောင်ပြပွဲကျင်းပ

ရွှေကျင် ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရှမ်းကြေးရပ်ကွက်၊ မြို့နယ်စည်ပင်ခန်းမတွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံအားကစားသင်တန်းတက်‌ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုခံရသူများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသောအဓိကအကြောင်းများ၊ လူကုန်ကူးသူများအသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့်ဒုက္ခများစသည့်အကြောင်း အရာများကို ဟောပြောခဲ့‌သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများအား အသိပညာဗဟုသုတတိုးပွားစေရန် သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)