ကဝ ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် Covid - 19 ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခြင်းနှင့် အပူဒဏ်ကာကွယ်ရေး ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြန်မာနိုင်ငံတစ်ဝှမ်းတွင် နွေရာသီအပူချိန်များမြင့်တက်လာသဖြင့် အပူဒဏ်ကြောင့်ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ အပူဒဏ်ကြောင့်အပူလွန်ရောဂါ (Heatstroke)၊ ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်ခြင်းနှင့် မူးဝေခြင်းတို့ဖြစ်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် နေပူထဲမထွက်ရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ခေါင်းအုပ်၊ ထီး သို့မဟုတ် အကာအကွယ်အသုံးပြုရန်လိုအပ်ကြောင်း၊ အပူဒဏ်ကြောင့်မူးဝေခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ မောပန်းခြင်းစသည့် လက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန်အရေးကြီးကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ Covid – 19 ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာများအားကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)