ပန်းတောင်းမြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပန်းတောင်း ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နွေရာသီကာလ အပူရှိန်ပြင်းထန်မှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများနှင့် အပူဒဏ်အန္တရာယ်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန်ရည်ရွယ်၍ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်က အပူရှိန်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါလက္ခဏာများ၊ အပူလျှပ်ခြင်း (Heat Stroke) ဖြစ်ပွားပါက ရှေးဦးသူနာပြုစုနည်းလမ်းများ၊ အပူဒဏ်ကြောင့်အသက်အန္တရာယ်မစိုးရိမ်ရစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် နေထိုင်စားသောက်ရမည့်နည်းစနစ်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး အပူဒဏ်အန္တရာယ်ဖြစ်ပွားခဲ့လျှင် စောလျင်စွာ ဆေးဝါးကုသမှုပေးနိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ စေတနာ့ဝန်ထမ်းများမှ ရပ်ရွာအခြေပြုအဖွဲ့များနှင့် လေ့ကျင့်ပြင်ဆင်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး ဒေါက်တာလတ်သူသူကျော်ထံမှ သိရသည်။

လပြည့်လင်း (ပြန်/ဆက်)