ပဲခူး ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက လူငယ်များစာဖတ်သင့်သည့် အဓိကအကြောင်းအရင်းများ၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းဖြင့် ခေါင်းဆောင်ကောင်းဖြစ်လာသောပုဂ္ဂိုလ်များ၊ လူငယ်များဖတ်သင့်သည့် တန်ဖိုးရှိသည့် စာအုပ်စာပေများ၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများတိုးပွားလာကာ ထူးချွန်ထက်မြက်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်စေရန် အသိပညာတိုးပွားစေပြီး ဘဝတက်လမ်းအတွက် ကြီးပွားတိုးတက်စေမည့် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် မြန်မာ့ရိုးရာသင်္ကြန်နှင့်ပတ်သတ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့များကို ကျောင်းသား၊ ကျောင်းသူ လူငယ်များသိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ပဲခူးမြို့ ပန်းခြံကုန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၂) ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထက်အောင်လင်း (ပြန်/ဆက်)