နတ်မောက် ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များ၏ ဖန်တီးနိုင်စွမ်းရည်နှင့် စိတ်ကူးစိတ်သန်းများ မြှင့်တင်ပေးနိုင်ရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန် ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပန်းချီပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား/သူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီပညာကိုစိတ်ဝင်စားလာစေရန်နှင့် မိမိတို့၏စိတ်ကူးများကို ဆေးရောင်ခြယ်မှုန်းခြင်းဖြင့် ထုတ်ဖော်ပြသနိုင်စေရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ရာ ပန်းချီသင်တန်းတွင် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့၏စိတ်ကူးစိတ်သန်းကောင်းများဖြင့် စိတ်ကြိုက်ပုံများကို ရေးဆွဲယှဉ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း