ပခုက္ကူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ပခုက္ကူ ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပခုက္ကူမြို့နယ် စာရေးဆရာအသင်းမှ စာ​ရေးဆရာ သုခဆွေ(ပညာရေး)က ဗုဒ္ဓဘာသာဆိုင်ရာ အခြေခံသိမှတ်စရာများ ခေါင်းစဉ်ဖြင့် ဗုဒ္ဓ၏ အနက်အဓိပ္ပါယ်၊ ဗုဒ္ဓဝင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဘုရား၊ တရား၊ သံဃာ ကိုးကွယ်မှုဆိုင်ရာများအကြောင်းတို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာအသင်းဝင် ဆရာ/ဆရာမများ၊ စာပေဝါသနာရှင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တွဲဖက်ဝန်ထမ်းများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယ်ခွေ