သာယာဝတီမြို့တွင် ကွန်ကရစ်ပစ္စည်းများ ရောင်းအားကောင်းနေ

သာယာဝတီ ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နှင့် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ကွန်ကရစ်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသည့်ပစ္စည်းများမှာ ခြံစည်းရိုးကွန်ကရစ်တိုင်၊ ကျောက်ခွေ၊ ရေပြွန်၊ ဝက်စားကျင်းခွက်၊ ကျောက်စည်ပိုင်း၊ အုတ်ဖိနပ်တိုင် စသည့်ပစ္စည်းများအား နေအိမ်ခြံဝန်းအတွင်းတွင် ပြုလုပ်ရောင်းချလျက်ရှိသည်။

ကွန်ကရစ်ပစ္စည်းရောင်းချနေသူ ဦးကြည်ဦးက “ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ပစ္စည်းတွေကို အဓိကရောင်းအားကောင်းတာကတော့ ခြံစည်းရိုးကွန်ကရစ်ကျောက်တိုင်၊ နွားစားကျင်းခွက်၊ ကျောက်စည်ပိုင်း၊ အုတ်ဖိနပ်တိုင်တို့ပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကျေးရွာလမ်းများပြုလုပ်ရာတွင် အသုံးပြုသည့် ရေပြွန်များလည်း ရောင်းရပါတယ်။ ကွန်ကရစ်ပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက်စရစ်၊ သဲ၊ သံချောင်းတွေကို မြို့ပေါ်မှာ ဝယ်ရတာဖြစ်တာကြောင့် စျေးများကလည်း သိသိသာသာစျေးတက်ပါတယ်။ ကုန်ကြမ်းပစ္စည်တွေ စျေးတက်သောကြောင့် ဝယ်လိုအားပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲ စျေးတက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဆိုင်ကတော့ ကျောက်ခွေအကျယ် သုံးပေ၊ တစ်ပေခွဲအနက်ကို (၂၈၀၀၀)ကျပ်၊ ရေပြွန်အမြင့် ၅ပေ အကျယ် ၁၈ လက်မတစ်ခုကို (၆၅၀၀၀) ကျပ်၊ ခြံစည်းရိုးကျောက်တိုင်အမြင့် ၇ ပေ ထု ၄ လက်မ တစ်တိုင်ကို (၁၂၀၀၀)ကျပ်၊ ကျောက်စည်ပိုင်း အမြင့်/အကျယ် ၂ ပေခွဲပတ်လည်ကို (၄၅၀၀၀) ကျပ်၊ အုတ်ဖိနပ်အကြီး (၂၀၀၀)ကျပ်၊ အလတ်(၁၈၅၀၀)ကျပ်၊ အသေး(၁၇၅၀၀)ကျပ်ရောင်းပါတယ်။ ယခုပွင့်လင်းရာသီမှာ ရောင်းအားအကောင်းဆုံးရာသီလဲဖြစ်တဲ့အတွက် ကျွန်တော်တို့မိသားစု အပိုဝင်ငွေလည်းရရှိပါတယ်”ဟု ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ ရှိုင်းကွန်ကရစ်လုပ်ငန်း လုပ်ကိုင်သူထံမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)