ဘားအံ ဧပြီ ၆
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ (၂၂)ဦးအနက် (၂၁)ဦးတက်ရောက်ခဲ့ကြပြီး အစည်းအဝေးအထမြောက်ကြောင်း ကြေညာသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) ဘားအံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)နေရာလစ်လပ်ကြောင်းကြေညာခဲ့ပြီး ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်းကြေညာခဲ့ကာ နိုင်ငံတော်ဒုတိယသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူ ဒေါ်နန်းနီနီအေးနှင့် ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)ပြန်လည်ဖွင့်လှစ်နိုင်ခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ထံသို့ပေးပို့ထားသည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများကို ဖတ်ကြား၍ ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်းကြေညာသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် ဦးစောမြင့်ဦး ဘားအံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အမည်စာရင်းပေးပို့ထားပြီး ယင်းအဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန(၇)ခုနှင့် ဝန်ကြီးဦးရေ(၇)ဦး သတ်မှတ်ထားရှိရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပေးပို့ထားသော အဆိုပြုချက်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကရင်ပြည်နယ်တွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် အပါအဝင် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးရေ(၃)ဦးထားရှိရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၏ အဆိုပြုချက်နှင့်စပ်လျဉ်း၍လည်းကောင်း ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိသဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်းနှင့် တတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ဧပြီ ၇ ရက် နံနက်(၁၀)နာရီတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)