ချောက် ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ထိခိုက်လွယ်သူများ (သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ) အပူရှောင်နိုင်ရေး၊အပူဒဏ်အန္တရယ်မှ ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းကို အမှတ်(၁၁)ရပ်ကွက် မြို့လယ်သာသနာ့ဗိမာန်တွင် အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှုအခြေအနေကို ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ခရိုင်/မြို့နယ်တာဝန်ရှိသူများက လိုက်လံ၍ ကွင်းဆင်းကာ ကြည့်ရူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအပူရှောင်လာသည့်သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များအား စလင်းပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကေသဝမှ သီလပေးတရားများ ချီးမြင့်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ထမင်း၊ ဟင်းနှင့် အချိုရည်၊သောက်ရေသန့်များ ဧည့်ခံကျွေးမွေးလျက်ရှိသည့်အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့မှ အပူရှောင်စခန်းသို့ လာရောက်သည်သက်ကြီးဘိုးဘွားများအား ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ တိုင်းရင်းဆေးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပူဒဏ်အန္တရာယ်အသိပညာပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Mobile Libraryအဖြစ် သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှုစေပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အပူရှောင်စခန်းအတွက် သောက်ရေသန့်၊ ဓာတ်ဆားရည်နှင့် ယပ်တောင်များ အသင့်စီစဥ်ဆောင်ရွက်ထားရှိပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအပူရှောင်စခန်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင် လမ်းညွှန်မှု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင် ကြီးကြပ်မှုဖြင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အပူရှောင်စခန်းကို အပူချိန်မြင့်မားနေသည့်ကာလတစ်လျှောက် မတ်လ ၁၆ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ဧပြီလ ၁၄ ရက်နေ့အထိ နေ့စဥ်နံနက် ၁၀ နာရီမှ အပူချိန်လျော့ကျသည့် ညနေ ၅ နာရီအချိန်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အပူရှောင်စခန်းတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးလာရောက်သူ ၆၀ ဦးခန့်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)