ပေါက် ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ယခုရက်ပိုင်း အပူချိန်မြင့်မားလာသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မိမိတို့နေအိမ်များ၌ နေထိုင်ရန် ခက်ခဲပြီး အပူဒဏ်ကို တိမ်းရှောင်ရန်လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းကို ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
အဆိုပါအပူရှောင်စခန်းကို ပေါက်မြို့ရွှေပေါက်ပင်ရပ်ကွက် ကျောင်းသစ်ကျောင်းအတွင်းရှိ “ မြရတနာကျောင်းဆောင်” ၌နေ့စဉ်နံနက် (၈) နာရီ မှ ညနေ(၆)နာရီအထိ ဖွင့်လှစ်ထားပြီး နားနေခန်း၊ တရားနာခန်း၊ ထမင်းစားခန်းများအပြင် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ အပူရှောင်စခန်းပတ်ဝန်းကျင်အား နေ့စဉ်ရေဖြန်းပေးခြင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗဟုသုတရရှိစေမည့် စာအုပ်များ ဖတ်ရှုလေ့လာနိုင်ရန်စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး အပူရှောင်စခန်းစတင်ဖွင့်လှစ်သည့် ပထမရက်တွင် သက်ကြီးဘိုးဘွား(၃)ဦးလာရောက်နားခိုနေထိုင်လျက်ရှိရာ လိုအပ်သောပံ့ပိုးကူညီမှုများနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်