ညောင်လေးပင်မြို့နယ်၌ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုဆပ်ကပ်လှူဒါန်းသည့် စာအောင်ပူဇော်ပွဲနှင့် သာသနာ့ဗိမာန်တော်ကြီး ဘက်စုံလှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနား ကျင်းပ

ညောင်လေးပင် ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စာအောင်ပူဇော်ပွဲနှင့် သာသနာ့ဗိမာန်တော်ကြီး ဘက်စုံလှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က သာသနာ့ဗိမာန်တော်ကြီး ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ ပန်းငွေရုံတောရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမနာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) အရှင်သူမြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်မှ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဝိနယပိဋက၊ ဝိနည်းပထမပိုင်းနှစ်ကျမ်း အာဂုံဆောင်(၁)ပါး၊ အစိုးရဓမ္မစရိယတစ်ကျမ်းအောင် (၁)ပါးနှင့် ပါဠိပထမပြန်စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများကို တာဝန်ရှိသူအသီးသီးတို့မှ ဆုများအသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ တောရကြီး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒဝံသ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အရှင်သူမြတ်ကြီးထံမှ ဩဝါဒကထာနှင့် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂)ဦးလှမြင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)