မြောင်းမြ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဧပြီလ (၅) ရက်နေ့မွန်းလွဲ (၁) နာရီအချိန်က စကြာသီဟ-စကြာနန္ဒစေတီတော်ဝန်းအတွင်းရှိ ထွန်းညွှန့်ရတနာဓမ္မာရုံတော်ကြီး၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ခဲ့သည်။ ၎င်းနောက် ရွှေစက်တော်ရာကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအာစာရသိရီ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်သံဃာတော် အရှင်မြတ်တို့က မေတ္တာသုတ်အစရှိသည့် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး အလှူရှင်များက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ စာအောင်သံဃာတော်များအား စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
အဆိုပါအခမ်းအနားအပြီးတွင် ဌာနဆိုင်ရာနှင့် ရပ်ကွက်အသီးသီးတို့မှ ဆွမ်းဆန်စိမ်းလောင်းလှူသည့် အဖွဲ့များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် လောင်းလှူခဲ့ကြကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)