နတ်မောက်မြို့၌ အသက် (၁၀) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

နတ်မောက် ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရရှိစေရန်အတွက် ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ခြင်းမရှိသေးသူများအား ယမန်နေ့နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးရှိ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တမာပင်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် (၁၀) နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် ကတ်ပြားပြုလုပ်သူများ၊ အသက် (၁၈) နှစ်ပြည့်၍ ကတ်ပြားလဲလှယ်လိုသူများ၊ကတ်ပြား ပျောက်ဆုံး၊ ပျက်စီး၍ မိတ္တူပြန်လည်လျှောက်ထားသူများကို ဥပဒေနှင့်အညီ စိစစ်ထုတ်ပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊နတ်မောက်မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ လိုအပ်သည့် ထောက်ခံချက်များအား ကူညီဖြည့်စွက်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို တစ်ခါတည်းဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ပေးခြင်းကြောင့်ဒေသခံပြည်သူများအနေဖြင့် မြို့နယ်ရုံးသို့ သွားရောက်ရန် အချိန်နှင့် ခရီးစရိတ်ကုန်ကျမှုသက်သာစေသည့်အပြင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးကိစ္စရပ်များတွင် အရေးပါသည့် နိုင်ငံသားကတ်ပြားကို အလွယ်တကူကိုင်ဆောင်ခွင့်ရရှိလာသည့်အတွက် နတ်မောက်မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် ရပ်ကွက်/ ကျေးရွာများတွင်လည်း သတ်မှတ်ရက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လှဝင်း