ငဖဲ ဧပြီ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဇီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇီးတောကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော် ဦးကစ္စာယနက အမှာစကားမိန့်ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုလုပ်ငန်းများ၊ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချရန်အတွက် အသိပညာဗဟုသုတတိုးပွားစေရေး သုတရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်၊ နွေရာသီအပူဒဏ်ကာကွယ်ရေး သိကောင်းစရာများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ကျောင်းသား/သူများအား အသိပညာပေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့ဝင် ဒေါ်ငယ်ငယ်ထွေးနှင့် စာထောက်(၃)ဒေါ်ခိုင်ဇင်ဝင်းတို့က နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှုပိုမိုများပြား၍ ကျောင်းသူ၊ ကျောင်းသူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်နိုင်ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ၇၅ ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)