ရေနံချောင်း ဧပြီ ၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက် သာသနာ့မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းတွင် လာရောက်နားခိုသည့် အဘိုးအဘွားများနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် အာဟာရဒါနကျွေးမွေးကုသိုလ်ပြုဆောင်ရွက်နေမှုများကို ယမန်နေ့က ချောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးသည်။
ရေနံချောင်းမြို့နယ်၌ ယခုရက်ပိုင်းအတွင်း အပူရှိန်များတိုးလျက်ရှိရာ အပူရှောင်လာရောက်နားခိုသည့် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား အပူဒဏ်လျော့နည်းသက်သာစေရန်အတွက် အပူရှောင်စခန်းနှင့် ပတ်ဝန်းကျင်အား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် ရေဖျန်းပေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့က ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ ပူးပေါင်း၍ အာဟာရဒါနကုသိုလ်ပြု ကျွေးမွေးဆောင်ရွက်ပေးနေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
အဆိုပါအပူရှောင်စခန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အပူဒဏ်ကြိုတင်ကာကွယ်ရေးအတွက် မတ်လ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ထားပြီး အပူရှောင်လာရောက်နားခိုသည့် အဘိုးအဘွား ၇၀ ဦးခန့်ရှိကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ကိုစိုးကြီး