ဆိပ်ဖြူ ဧပြီ ၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နွေရာသီအခမဲ့ပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
၂၀၂၆ ခုနှစ် နွေရာသီအခမဲ့ပန်းချီသင်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ပန်းချီးပညာရှင်များပူးပေါင်း၍ ကျောင်းသား/ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/ ကျောင်းသူလေးများ ပန်းချီပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေရာသီအခမဲ့ပန်းချီသင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက သင်တန်းဆင်းဂုဏ်ပြုအမှာစကားများ ပြောကြားပေးပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က သင်တန်း ဖွင့်လှစ်ခဲ့ခြင်း လုပ်ငန်းများကိုရှင်းလင်းတင်ပြပေးသည်။ ၎င်းနောက် ပန်းချီသင်တန်း၌ ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆုများချီးမြှင့်ခြင်းကိုလည်းကောင်း၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းတွင် ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ကူညီသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ပေးအပ်ခြင်း၊ ဝေါလ်ဗွီးရှင်း (မြန်မာ) ဒေသဖွံ့ဖြိုးရေး (ဆိပ်ဖြူ) ရုံးမှ မြို့နယ်တာဝန်ခံမန်နေဂျာက ကျောင်းသား/ ကျောင်းသူများအတွက် ရောင်စုံခဲတံဗူးများအား မြို့နယ်ဦးစီးအရာရှိထံ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပန်းချီသင်တန်းကျောင်းသား/ကျောင်းသူလေးများ၏ တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေခြင်းနှင့် ပန်းချီလက်ရာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဧည်သည်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)