မကွေး ဧပြီ ၆
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ ၆ ရက်၊ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ စတင်ကျင်းပကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့သဖြင့် အစည်းအဝေးကို အထမြောက်ကြောင်း ကြေညာသည်။
ဆက်လက်၍ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အသိပေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် မကွေးမဲဆန္ဒနယ်အမှတ် (၂) ဦးတင်ကိုကိုအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် မကွေးမဲဆန္ဒနယ်အမှတ် (၂) ဦးတင်ကိုကိုအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနအရေအတွက်၊ ဝန်ကြီးဌာနအမည်၊ ဝန်ကြီးဦးရေစာရင်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန ၊ လျှပ်စစ် ၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ စုစုပေါင်း ဝန်ကြီးဌာန (၇) ခုအား လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီး လွှတ်တော်တရားသူကြီးဦးရေနှင့် စပ်လျဉ်း၍ တရားသူကြီးဦးရေ (၃) ဦး ရွေးချယ်ခန့်အပ်နိုင်ရေး လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန် မရှိသည့်အတွက် မကွေးတိုင်းဒေသကြီး လွှတ်တော်တရားသူကြီးဦးရေ (၃) ဦး ခန့်အပ်တာဝန်ပေးနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီနှင့် တိုင်းဒေသကြီးလွှတ်တော်လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် ကြေညာပြီး ရေနံချောင်းမဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းက တိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီ၏ အဖွဲ့ဝင်ဦးရေ ၊ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်များ ၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်သန်းဆွေက တိုင်းဒေသကြီးလွှတ်တော်လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ၏ အဖွဲ့ဝင်ဦးရေ ၊ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်များ ၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍လည်းကောင်း တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြကာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဌအဖြစ် ဦးသိန်းဇော် မင်းတုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ကိုးဦးဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် ဦးအောင်နိုင်လင်း ငဖဲမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ကိုးဦးဖြင့်လည်းကောင်း ဖွဲ့စည်းကြောင်းကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က အတည်ပြုရန် သဘောတူသဖြင့် အတည်ပြုကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၇ ရက် ၊ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရဲ ( ပြန်/ဆက် )