မင်းဘူး ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတွင် ဘုရားဖူးပြည်သူ ယနေ့အထိ ၁၈၇၁၁၈ ဦး လာရောက်ဖူးမြော်လျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက် ကစပြီး မြန်မာနှစ်ဆန်း ၁ ရက် အထိ (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ) ရက် ပေါင်း ၈၆ ရက်ကြာ ကျင်းပလျက် ရှိကြောင်း၊ ပွဲတော်ကာလ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်ရှည်များအပါအဝင် ဧပြီလ ၄ ရက်နေ့အထိ ၁၈၇၁၁၈ ဦး ခန့် လာရောက်ဖူးမြော်ခဲ့ကြောင်း၊ ဘုရားဖူးပြည်သူများ အား တည်းခိုဆောင်များတွင် စိတ်အေးချမ်းသာစွာ တည်းခိုနားနေ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားကားများအပြင် ကိုယ်ပိုင်ကားများဖြင့် လာရောက်ဖူးမြော်ကြကြောင်း နေ့စဉ် ယာဉ်ဝင်ထွက်မှုအနေဖြင့် ကားကြီး၊ လတ်၊ ငယ်အစီးရေပေါင်း ၁၇၂၅၉ စီးနှင့် မော်တော်ဆိုင်ကယ် ၁၃၀၄ စီးဖြင့် လာရောက်ဖူးမြော်ကြပြီး ယခင်နှစ်ဘုရားပွဲတော် ကာလထက် ပို၍စည်ကားခဲ့ကြောင်း၊ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက် ရှည်ကာလများတွင် တည်းခိုဆောင်အခန်းများ ပြည့်သည်အထိ လာရောက်ခဲ့ကြကာ သင်္ကြန်ပွဲတော်အပြီး၊ နှစ်ဆန်း ၁ ရက်နေ့၌ ပွဲတော်ပိတ်သိမ်းမည်ဖြစ်ရာ ဘုရားပွဲတော်ရာသီ ပိတ်သိမ်းချိန်နီးလာလေလေ ပိုမိုစည်ကားလေဖြစ်ကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
ဇေယျာနိုင်(ရွှေကန်မြေ)