မိုးညိုမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်

မိုးညို ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်‌ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲ‌တော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်နှင့် ဗဟို‌ရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ (မဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့)နှင့် မြို့ပေါ်ရပ်ကွက်များမှ ဝိုင်းဝန်းကူညီသူများဖြင့် မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်နှင့် ဇောတိကရပ်ကွက်အကြားရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး (လမ်းမတော်)တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ / ပိတ်ပွဲနှင့် ကြိုဆိုနေရာချထားရေး၊ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ သင်္ကြန်ယိမ်းအကများဖြင့်ဖျော်ဖြေရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် ပြည်သူများရေကစားနိုင်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များအလိုက်ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)