ရေတာရှည် ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းက ဆွာ၊ သာဂရ၊ ရေနီမြို့ရှိ စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်များ၌ ပြည်သူများထံ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရစားအုန်းဆီများရောင်းချပေးမှု ရှိ/ မရှိ အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ခွဲတမ်းရစားအုန်းဆီများရောင်းချသည့် လက်လီဆိုင်များအနေဖြင့် သတ်မှတ်ထားသောစျေးနှုန်းဖြင့် အိမ်ထောင်စုအလိုက်အား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျရောင်းချပေးလျက်ရှိကြောင်းနှင့် နေ့စဉ်ရောင်းချသည့်စျေးနှုန်းများကိုလည်း ဗီနိုင်းများဖြင့် စနစ်တကျချိတ်ဆွဲရောင်းချပေးနေမှုကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ ခရိုင်အတွင်းရှိ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများအား အမှန်တကယ်ရောင်းချနေမှုအခြေအနေ၊ ဝယ်ယူမှုအခြေအနေများ၊ ရောင်းချနေသောဆီအမျိုးအစားနှင့် စျေးနှုန်းအခြေအနေများ ပြန်ရောင်းစျေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမဖြစ်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)