လောင်းလုံးမြို့နယ်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး

လောင်းလုံး ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦး၏ ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၇နာရီခွဲမှစတင်၍ လောင်းလုံးမြို့ ကမြောကင်းကျေးရွာရှိ  စက်သုံးဆီအရောင်းဆိုင်အနီးတို့တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်သည်။

မီးဘေးလုံခြုံရေးပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှုဖြစ်စေ/သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုလျှော့နည်းစေရန်ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လျှပ်စစ်မီးအသုံးပြုလျှင် သတိပြုရမည့်အချက်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ မီးသတ်ဦးစီးဌာနမှ မီးဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံများနှင့် တိုင်းဒေသကြီးအတွင်း မီးလောင်ဆုံးရှုံးမှုအခြေအနေများ စသည့်စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများပါဝင်သည်။

သိန်းသိန်း(လောင်းလုံး)