အောင်လံ ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း နွေစပါးလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူးနှင့် မြေစာရင်း/စိုက်ပျိုးရေး ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါအဖွဲ့သည် ကမလေးဆိုလာလျှပ်စစ်မြစ်ရေတင်၊ ဇေယျာမြစ်ရေတင်နှင့် ဒရုဏ်ဗိုလ်မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေ ပေးဝေနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက စိုက်ပျိုးရေများ အလေအလွင့်မရှိစေရေးနှင့် လျာထားချက်အတိုင်း အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရှိရသည်။
အာကာ(ပြန်/ဆက်)