မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်ကင်းဝေးစေရေးအတွက် အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိ

မြို့သစ် ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဧပြီလဆန်းပိုင်းမှစတင်၍ အပူချိန်သိသိသာသာမြင့်တက်လာခြင်းကြောင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များအနေဖြင့် အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေး၊ အပူဒဏ်ကင်းဝေးစေရေးနှင့် ရှောင်ရှားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အပူရှောင်စခန်းများကို ဧပြီလ ၁ ရက်နေ့ကစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၊ ဇေယျမင်္ဂလာဂါတ်ကျောင်းနှင့် သရက်တောဘုန်းတော်ကြီးကျောင်းတို့တွင် အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ထိုသို့ အပူရှောင်စခန်းများဖွင့်လှစ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်အမျိုးသမီးရေးရာကော်မတီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အပူရှောင်ရန်လာရောက်ကြသည့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် နေရာထိုင်ခင်းများ စီစဉ်နေရာချထားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ နေ့လယ်စာစီစဉ်ပေးခြင်း၊ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်ရေအိုးများ၊ ရေသန့်ဘူးကြီးများ စီစဉ်ထားရှိခြင်းနှင့် လေအေးပေးစက်၊ ပန်ကာများလည်း စီစဉ်ထားရှိပေးလျက်ရှိသည်။

အလားတူ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၇) အုပ်စုရှိ ကျေးရွာအသီးသီးတွင်လည်း အမိုး၊ အကာ၊ အရိပ်ကောင်းသည့်နေရာများ၌ အပူရှောင်စခန်းများဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)